Self-growth အတွက် Tips များ

Loneliness vs Solitude (အထီးကျန်ဆန်ခြင်း)

Loneliness နှင့် Solitude ဆိုတာ ဘယ်လို ကွာခြားလဲ?

💢ဒီစာလုံးနှစ်ခုလုံးက ကိုယ့်ဘာသာတစ်​ယောက်တည်းနေတာကြောင့် ဖြစ်ပေါ်လာတဲ့ခံစားချက်/အတွေ့အကြုံတစ်ခုပါ။ Loneliness ကကျတော့ တစ်ဦးတည်းနေရတာကြောင့် အထီးကျန်ရတဲ့အတွက် နာကျဉ်/ကြေကွဲမှုတွေကိုခံစားရတာ​ဖြစ်ပြီး ၊ Solitude ကတော့ တစ်ဦးတည်းနေရတာကိုဘဲ လိုလိုလားလားနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြစ်တာဆိုရင် မှန်ပါလိမ့်မယ်။
🌟 “Loneliness” ကို ကဗျာတွေ/သီချင်းတွေမှာ ကံကြမ္မာဆိုးကြောင့် ဆုံးရှုံးခဲ့ရတဲ့/ဝေးကွာခဲ့ရတဲ့ ကိုယ်တန်ဖိုးထားတဲ့သူတွေ ကိုယ်တန်ဖိုးထားခဲ့ရတဲ့အရာတွေကို ပြန်လည်တမ်းတတဲ့အခါ ဟာတာမှုတွေ၊ မပြည့်စုံမှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေကို ခံစားရတာနဲ့ နှိုင်းယှဥ် ရေးဖွဲ့ထားကြတာ တွေ့ဖူးကြမှာပါ။
ဒါတွေတင်မက အထီးကျန်မှုဟာ အခြေအနေမျိုးစုံ နေရာမျိုးစုံ ကနေ ပေါ်လာနိုင်ပါတယ်…
🌟 တချို့သူတွေဆိုရင် လွယ်လွယ်နဲ့ အထီးကျန်တတ်တယ်ပြောရမလား။ နည်းနည်းလေးတိတ်ဆိတ်လာရင်တောင် မနေတတ်တော့ဘဲ အသံအကျယ်ကြီး သီချင်းတွေဖွင့်လိုက်၊ ဆိုလိုက်လုပ်ကြတယ်။
🌟 ဒါမဟုတ် အထီးကျန်မှာကို ကြောက်တယ်ပြောရမလား။ တစ်ယောက်တည်းမဖြစ်ရလေအောင် သူများတွေကိုရှာ စကားပြောမယ် (သို့) ဖုန်းသုံးပြီး Facebook တို့ ဘာတို့ အဆက်မပြတ်ကြည့်နေရမှ (အမြင်အာရုံတွေကိုအဆက်မပြတ်ကျွေးနေရမှ)နေတတ်ကြတယ်။
🌟 တချို့ကလည်း သူငယ်ချင်းတွေနဲ့ ဝိုင်းရံနေတာတောင် အထီးကျန်နေတတ်တယ်။ ဘာလို့လဲ? ကိုယ့်သူငယ်ချင်းအုပ်စုထဲမှာ ကိုယ်ရဲ့ ကိုယ်ရည်ကိုယ်သွေးပုံစံ ကွဲထွက်နေလို့ အပြင်လူလို ခံစားနေရတာလား… သူများမိသားစုတွေလို မပြည့်စုံလို့ သိမ်ငယ်စိတ်ကနေ အထီးကျန်လာတာလား… အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လောက်လူသူထူထပ်ပြီး အလုပ်ရှုပ်နေတဲ့ ဘဝမှာနေရတာပဲဖြစ်ဖြစ် အထီးကျန်တတ်တဲ့သူကတော့ အမြဲအထီးကျန်မှာပါပဲ။

💢Lonelinessကို ရင်မဆိုင်ပဲထားရင် (သို့) နည်းလမ်းမှန်မှန်နဲ့ မရင်ဆိုင်တတ်ဘူးဆိုရင်…

🌟အထီးကျန်ခြင်း (Loneliness)ကို ကြောက်ပြီး အမြဲရှောင်နေတတ်တာ (သို့) အမြဲ အထီးကျန်တတ်တာက သိပ်တော့ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အထီးကျန်ဆန်ခြင်းကို နည်းမှန်မှန် သတ္တိရှိရှိ မရင်ဆိုင်နိုင်သေးဘူးဆိုရင်… ဒီလိုခံစားမှုတွေကို ခဏတာပျော်စေမယ့် အကျိုးမဲ့တဲ့ အကျင့်ဆိုးတွေနဲ့အစားထိုးမိသွားမယ်… ဥပမာ ပိုက်ဆံဖြုန်းတီးရာရောက်တဲ့ ကိုယ့်ကိုယ်ကိုဖျက်စီးစေမည့် Substances (ဆေး/အရက်/games)တွေနဲ့ အစားထိုး ကုချင်လာတတ်ကြတာပေါ့။ ဒါတွေက ခဏတာသာ ထိရောက်မှာဖြစ်ပြီး ကိုယ့်အတွက် တိုးတက်မှုမရှိသလို ဆိုးကျိုးတွေသာ ခံစားရပါလိမ့်မယ်…
တချို့ကလည်း အသက်ကြီးလာချိန် အထီးကျန်မှာကြောက်လို့ အိမ်ထောင် ငယ်ငယ်ရွယ်ရွယ်နဲ့ ပြုလိုက်ပြီး သူတို့ဘဝမှာ ဖြစ်နိုင်ခြေအရာတွေကို မြောင်းထဲသွင်ချလိုက်ကြတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုရင်ဘဲဖြစ်ဖြစ် အထီးကျန်ဆန်ခြင်းက အမြဲရှိနေမှာပါ။ သက်ကြီးရွယ်အိုဘဝရောက်ပြီဆိုရင်လည်းရှိနေအုံးမှာပဲ။ ဘယ်ဘဝကိုရွေးရွေး ဘယ်အရာတွေနဲ့ပဲ အစားထိုးထိုး အထီးကျန်ဆန်ခြင်းက ရှိနေမှာပဲ။

💢ဒါဆို Loneliness ကို လူတိုင်း ကြုံတွေ့ရမှာဆိုတော့ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ?

ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲက တချို့ကို ကြည့်ကြည့်ရအောင်…

𝟏. Passion ကိုသိခြင်း/လိုက်စားခြင်း (သို့) ကိုယ်စိတ်အားသန်ဝါသနာပါတာကိုသိခြင်း/လိုက်စားခြင်း

🌟အိမ်ထောင်ကို (တမင်တကာ)မပြုဘဲ လူပျို/အပျိုကြီးဘဝပဲနေတဲ့သူတွေက “I am alone, but not lonely ဆိုပြီး ဟာသလိုလိုပြောလေ့ရှိကြတာ တချို့ကကြားဖူးမှာပါ။ သူတို့ကဘာလို့ တစ်ရောက်တည်းနေကြပေမဲ့ အထီးကျန်မှု (သိပ်ပြီး) မခံစားကြတာလဲ? သူတို့က သူတို့ဘဝကို ပြည့်ဝတယ် ပျော်ရွှင်စရာကောင်းတဲ့အရာ လုပ်နေရလို့ပဲဆိုရမလား။
ဉပမာ National Geography မှာလုပ်တဲ့ wild life photographerတွေ၊ wild life conserveation မှာလုပ်သူတွေ၊ နိုင်ငံရပ်ခြားသွားရတဲ့ သတင်းသမားတွေ၊ researchersတွေ အကြောင်း ဖတ်ဖူးကြမယ်ဆိုရင် သူတို့လိုလူတော်တော်များများက သူတို့ နှစ်သက်တဲ့အလုပ်မှာပဲ ဘဝကို ရင်းနှီးမြုတ်နှံကြပြီး အိမ်ထောင်မပြုသူတွေ တော်တော်များတာတွေ့ရနိုင်ပါတယ်။
သူတို့ကတော့ ရှိတဲ့ စက္ကန့်တိုင်းကို သင်ယူဖို့ သတင်းယူဖို့ အသုံးချကြတာပါ။ အထီးကျန်လေ့ရှိလားလို့ သူတို့ကိုမေးရင် အထီးကျန်ဖို့တောင် မေ့မေ့သွားတယ်လို့ ဖြေတဲ့သူတွေ တွေ့ဖူးကြပါလိမ့်မယ်။

👉သူတို့ဆီက ဘာတွေသင်လို့ရသလဲ?

🌟ကိုယ့်ဘဝမှာ ကိုယ့်ရဲ့ passion (ဉပမာ-ကိုယ်ကြိုက်တဲ့/ချစ်တဲ့ အရာတွေ အားကစား၊ wild life photography၊ စီပွားရေး၊ ပန်းချီ၊ music…) ကိုတွေ့ရှိပြီး အကောင်းဆုံးဖြစ်ချင်တဲ့ ဆန္ဒ (သို့) အကောင်းဆုံး ရလဒ် ရချင်တဲ့ ဆန္ဒနဲ့ နှစ်လပေါင်းများစွာ အငန်းမရ ကြိုးစား…လိုက်စားနေရရင်… lonelinessလျော့သွားမယ်/မရှိသလောက်တောင်ဖြစ်သွားမယ်… တနည်းအားဖြင့်ပြောရရင် သင်ယူခြင်းက ပျော်ရွှင်မှုပေးတယ်လို့ ပြောလို့ရတယ်။
ဒါနဲ့ သင်ယူခြင်းက အထီးကျန်တာကို မေ့စေပြီး လူတစ်ယောက်ကို ပျော်ရွှင်စေပါတယ်။ ဒါ့အပြင် အသက်ရာကျော်ထိ သက်ရှည်ကျန်းမာတဲ့ ပုဂ္ဂိုလ်တွေကို လေ့လာကြည့်တဲ့အခါမှာ အသက်ကြီးပြီဆိုပေမဲ့ သိချင်တတ်ချင်သင်ချင်စိတ်နဲ့ ဆက်ပြီး ဗဟုသုတတွေကို ဆက်လက် ဆည်းပူးသူတွေလည်း ပါပါတယ်။ ဒါကြောင့် သင်ယူခြင်းက ကျန်းမာအသက်ရှည်စေတယ်လို့ပြောရင် မမှာပါဘူး။
🌟ကိုယ့်ရဲ့ Passion ဆိုတာက ကိုယ်တကယ်လည်း ကြိုက်တဲ့အရာ၊ လိုက်စားရင် ပျော်ရွှင်မှုတွေကို ပေးတဲ့ အရာတွေလို့ ပြောလို့ရတယ်။ ဒီလိုပျော်ရွှင်မှုက လေးနက်စမ်းကျယ်တဲ့ အရာတွေနဲ့ ဆက်ဆပ်နေတယ်လို့ပြောရင် မမှားလောက်ဘူး။
ဉပမာ…တချို့သော Wildlife photographerတွေကျတော့ သဘာဝရဲ့ လျှို့ဝှက်ချက်တွေကို သိလေ၊ ဒီလောကကြီးက ဆန်းကြယ်မှုတွေနဲ့ ပြည့်နေပါလား၊ လူတွေနားမလည်သေးတဲ့အရာတွေ အများကြီးရှိပါသေးလားဆိုပြီး အသက်ရှင်ခွင့်ရတာလေးကိုတောင် ကျေးဇူးတင်တတ်ကြတယ်။ တခါတလေ အရမ်းလှပတဲ့ သဘာဝရှုခင်းကိုတွေ့ရင် အရိုအသေပေးတဲ့အနေနဲ့ ဓာတ်ပုံတောင် မရိုက်ဘဲနေသူတွေရှိတယ်တဲ့။ ဒီလိုမျိုးလူတွေဆိုရင် အရာရာတိုင်းမှာ အလှတရားကိုတွေ့တတ်သူတွေလို့ ပြောရင်မမှားပါဘူး။
တချို့သော သိပ္ပံပညာရှင်တွေလည်း အတူတူပဲ။ သဘာဝရဲ့ ဆန်းကြယ်တဲ့ နိယာမတွေကြားထဲ နစ်မြောသွားကြပြီး အထီးကျန်ခြင်းဆိုတာတောင် နားမလည်ကြတော့ဘူး။ လူဦးနှောက်နဲ့ မသိရသေးတဲ့အရာတွေ အများကြီးရှိသေးတာကိုသိတော့ ကိုယ့်ကိုယ်ကို နှိမ့်ချခြင်း(humbleness)နဲ့ဘဝကို နေကြတယ်။
နက်နက်နည်းနည်း ကြည့်တတ်သူတွေအတွက် ဒီကမ္ဘာ စကြဝဠာမှာ အသက်ရှင်ခွင့်တစ်ခုလေးအတွက်တောင် ကျေးဇူးတင်တတ်လာပြီး အများကိုလည်း လေးလေးနက်နက်နဲ့ ဆက်ဆံတတ်တာတွေရတတ်ပါတယ်။ တကယ့်ပညာရှိတွေဆိုရင် မောက်မာသူတွေမရှိဘူးဆိုရင် အကုန်လုံးသဘောတူမယ်ထင်ပါတယ်။ သူတို့ဆိုရင် လူအများကို ပေါ့ပေါ့တန်တန် သဘောထားဆက်ဆံတာတွေလည်း မရှိတဲ့အပြင်၊ အများကို ခွဲခြားဆက်ဆံတာတွေလည်းမရှိဘူး…

𝟐.Solitude ကို Mindfulness နဲ့တမင်ဝင်ခြင်းဖြစ် ကိုယ့်ကိုယ်ကိုနှင့် မိတ်ဖွဲ့ခြင်း

🌟အခုခေတ်မှာတော့ အများနဲ့ သင့်လျော်အောင် ပေါင်းတတ် အတူအလုပ်လုပ်တတ်ဖို့ပဲ ကျောင်းတွေ/အလုပ်ခွန်တွေမှာ အမြဲကြိုးစားခိုင်းနေကြတော့ တစ်ဦးတည်းနေကြည့်ပါဆိုပြီး ပြောတဲ့သူတွေရှားနေပါတယ်။
တစ်ဦးတည်းနေတတ်တာကလည်း အရည်အချင်းတစ်ခုပဲဆိုတာကို Counsellor တွေက အလေးနက်ထား ပြန်ပြောလာကြတာ တွေတွေ့ရတယ်။ Solitudeဆိုတာက အသစ်မဟုတ်ပါဘူး။ သမိုင်းတလျှောက်မှာ ကြားဖူးကြမှာပါ… တောထွက်ပြီး တရားကျင့်တာ (သိုင်းကျင့်တာ 😀 )တို့ လူတော်တော်များများ လုပ်ဖူးခဲ့ကြတယ်။ တမင်တကာ လူသူနဲ့ဝေးတဲ့ နေရာတွေမှာ တစ်ယောက်ထဲ သွားနေတာကို to spend some time in solitude/to be alone in solitude လို့ခေါ်ကြတယ်။ တရားကျင့်သူတွေကြတော့ ညစ်ညူးတဲ့ လူ့အသိုင်းအဝိုင်းကနေဝေးချင်လို့၊ ကိုယ့်ကိုယ်ကို နားလည်ဖို့၊ englightenment ဆိုတဲ့ သဗ္ဗညုတဉာဏ်ကိုရချင်လို့ ဆိုပြီး အကြောင်းအမျိုးမျိုးရှိပါတယ်။
🌟ဒါနဲ့ Solitudeက တစ်ယောက်ထဲ ဒီအတိုင်းနေတာမဟုတ်ဘူး။ “Mindfulness” လို့ခေါ်တဲ့ အသိရှိခြင်းကို ကျင့်တာပါ။ ဉပမာ- ပစ္စုပ္ပန်ကို အာရုံစိုက်ပြီး၊ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ အတွေးအခေါ်တွေ၊ ကိုယ်ခန္ဓာခံစားချက်တွေကိုလည်း ဂရုစိုက်ကြည့်တာ၊ အသက်ရှူခြင်း (သက်ဝင်သက်ထွက်)ကိုပဲ အာရုံစိုက်တာဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဲဒါကြောင့် တောထဲသွားစရာမလိုပဲ cellphone မသုံးဘဲ/wifi မချိတ်ဘဲ နေ့တစ်ပိုင်းလောက် (တစ်ပတ်တစ်ခေါက်) နေတတ်ရင်ကို solitude ကျင့်တာနဲ့တူမယ်
တခါတလေ ကိုယ်တစ်ယောက်တည်း စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ညနေစာစားကြည့်တာ၊ စက်ဘီးစီးကြည့်တာ၊ သဘာဝရှုခင်းအလှတွေကို ရှုငေးခံစားကြည့်တာ အစရှိသည့်အရာတွေကို လုပ်ခြင်းဖြစ်ကျင့်လို့ရပါတယ်။ အဓိကကတော့ ကိုယ်တစ်ဦးတည်းနေပြီး ကိုယ်ကြိုက်တဲ့ ပျော်တဲ့အရာလေးတွေကိုလုပ်နေခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုနဲ့ နေသားကျလာဖို့ (feel at peace/feel at home with oneselfဖြစ်ဖို့) လုပ်တာပေါ့။
(ဒါနဲ့…နားလည်မှုတော့မလွဲစေချင်ဘူး။ လူတွေနဲ့ ဝေးဝေးနေဖို့ အဆက်အသွယ်ဖြတ်ဖို့ ပြောနေတာမဟုတ်ပါဘူး။ လူတွေနဲ့ ပေါင်းသင်တတ်တာ၊ သူငယ်ချင်းဖွဲ့တာတွေက အရေးကြီးသလို တစ်ယောက်တည်းနေတတ်ဖို့လည်း အရေးကြီးတယ်ဆိုတာလေးကို မမေ့စေချင်ဘူး။)

💢ဒီလို Solitude ကိုကျင့်လို့ ဘာအကျိုးတွေရမလဲ?

🌟ပထမဆုံး အကျိုးကတော့ အနားရခြင်းပါ။ ဆိုပါစို့- ခန္ဓာကိုယ်တစ်ခုက မီးစက်တစ်ခုဖြစ်ခဲ့သော် Aircon, TV, Computer စသည့် အသုံးဆောင် စက်ပစ္စည်းတွေကို အကုန်ခဏပိတ်ထားလိုက်ရင် စက်က ရုန်းစရာမလိုတော့တဲ့သဘောပေါ့။ ဆူညံနေတဲ့ အသံတွေကလည်း ငြိမ်သွားမယ်ဆိုရင် စိတ်အာရုံတွေကလည်း နားခွင့်ရှိသွားတဲ့သဘောပေါ့။ လူကတော့ Screen တွေ၊ သတင်းတွေ၊ အလုပ်တွေ၊ လူတွေနဲ့ ထိတွေ့မှုတွေက နားခွင့်ရှိတော့ အားအင်တွေ ပြန်ပြည့်လာပြီး စိတ်သစ်ကိုယ်သစ်နဲ့ နေနိုင်သွားတာပေါ့။ (မီးစက်ကို နားခွင့်မပေးရင်တော့ Burnout ဖြစ်သွားနိုင်သလို လူဆိုရင်လည်း မနားတတ်ရင် ရေရှည်မှာ ခွေကျ/ရူးသွားနိုင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ တည်ထွင် ကြံစတတ်တဲ့ စွမ်းရည်တွေ ခမ်းသွားနိုင်တယ်။)
🌟ဒုတိယ အကျိုးကတော့ သဘာဝနဲ့ သဟဇာတပြန်ဖြစ်လာတယ်။ Solitude ကို Mindfulness လေးနဲ့နေမယ်ဆိုရင် အရာရာက နှေးသွား၊ ငြိမ်သွားတော့ ပတ်ဝန်းကျင်ကအလှတွေလည်း တွေ့ခွင့်၊ ခံစားခွင့်ရှိသွားသလို ငါနေခွင့်ရှိတဲ့ ကမ္ဘာလေးကလှပါလားဆိုပြီး ကျေးဇူးတင်တတ်လာမယ်။ ကိုယ့်ပတ်ဝန်းကျင်းကို ပိုတန်ဖိုးထားတတ်လာမယ်။ စိတ်ရှည်ခြင်း၊ သည်းခံခွင့်လွှတ်တတ်ခြင်းတွေဆိုပြီး အကျိုးများစွာတွေလည်း ရနိုင်ပါတယ်။
🌟တတိယ (အရေးအကြီးဆုံးလည်းဖြစ်တဲ့) အကျိုးကတော့ ကိုယ်ကိုယ်ကိုနားလည်ခွင့်၊ ကိုယ့်ကိုယ်ကိုနဲ့ သူငယ်ချင်း ပြန်ဖြစ်လာခွင့်ရှိမှာဖြစ်ပါတယ်။ တစ်ပါးသူတွေနဲ့ သူငယ်ချင်းဖွဲ့ရတာကမလွယ်သလိုမျိုး ကိုယ့်ကိုယ်ကိုနဲ့ အရိုးသားဆုံးခင်နိုင်ဖို့/သူငယ်ချင်းဖြစ်ဖို့ဆိုရင် အချိန်ပေးရမယ်… ကိုယ်အမြဲဝတ်လေ့ရှိတဲ့ မျက်နှာဖုံးတွေကိုလည်း တစ်လွှာချင်း ခွါပစ်ရမှာဆိုတော့ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။

💢ကိုယ့်ကိုယ်ကို နားလည်ဖို့ဆိုတာက အရမ်းကျယ်ပြန့်လွန်းတယ်ဆိုတော့ တချို့ ဉပမာလေးတွေပဲ ကြည့်ကြည့်ရအောင်…

ဆိုပါစို့- တစ်ယောက်တည်းနေရတာကို ကြောက်တတ်တယ်. ဘာလို့ အကြောက်တရားက ကိုယ့်ကို အမြဲလွှမ်းခြုံအနိုင်ယူနိုင်တာလဲလို့ မေးကြည့်ရင် ငယ်ငယ်ကတည်းက ကိုယ်ကြီးလာတဲ့ ပတ်ဝန်းကျင်မှာ သူရဲတစေ အကြောင်းတွေအမြဲပြောတတ်တာကြောင့်လား၊ စနောက်ပြီး တမင်အခြောက်ခံရဖူးလားဆိုပြီး အဖြေတွေတွေ့နိုင်ပါတယ်။ နားလည်လာပြီဆိုရင် ကြောက်တတ်တဲ့ အကျင့်ကို တဖြေးဖြေးချင်း ဖြေဖျောက်နိုင်တဲ့ နည်းလမ်းတွေ ရှာတွေ့နိုင်တယ်။
တကယ့် အဖြစ်အပျက် ဉပမာလေးပြောရမယ်ဆိုရင်…တသက်လုံးအရမ်းကြောက်တတ်ခဲ့တဲ့သူတစ်ယောက်ရှိခဲ့တယ်။ တနေ့ကျတော့သူက အမှောင်ကို လုံးဝမကြောက်တော့ဘူးတဲ့။ သူ့ကို မေးကြည့်တော့…သူကပြန်ဖြေလိုက်တာက… သူစေသူရဲထက် ပိုကြောက်ဖို့ကောင်းတဲ့ အရာကို သူတွေ့သွားလို့ပါတဲ့။ ဖြစ်ချင်တော့ သူက ဉပုဒ်စောင့် ကမဠာန်းရှုကျင့်တဲ့အချိန် ကြောက်တတ်လွန်းလို့ဆိုပြီး သင်္ချိုင်းနဲ့ နီးတဲ့အဆောင်မှာ ဘုန်းကြီးကထားတာတဲ့။ ပထမ ၃ ရက်တော့ အိပ်မရအောင်ကြောက်ခဲ့တယ်။ နောက်ပိုင်းတော့ တစ်လလုံးတောင် သီတင်းသုံးနိုင်သွားခဲ့တယ်။
သူပြောတဲ့အရဆိုရင် တကယ်ကြောက်စရာကောင်းတာက ကိုယ့်စိတ်အတွင်းထဲမှာပဲရှိပါတယ်။ ကိုယ့်စိတ်နှလုံးထဲက လောဘ၊ဒေါသ၊မောဟတွေကို အစာကျွေးရှင်သန်ကြီးထွားခွင့်ပေးခဲ့ရင် ကိုယ်ကဘာတွေဖြစ်သွားနိုင်လဲဆိုတာတွေးကြည့်ရင် သူစေသူရဲထက် ကြောက်စရာကောင်းပါတယ်တဲ့။
ကိုယ်ဒေါသထွက်တဲ့အချိန် သူတပါးရဲ့ ဘဝကို ဖျက်စီးချင်တယ်စိတ်တွေ၊ ကိုယ်လောဘကြီးတဲ့အချိန် သူတပါး ပစ္စည်းကို လုယူချင်တဲ့စိတ်၊ သူတပါးတိုးတက်တာ အောင်မြင်တာကို မကြည့်ချင်တဲ့ မလိုလားတဲ့ မနာလိုမှုတွေ၊ အများအပေါ် နိုင်ထက်စီးနင်း လုပ်ချင်တဲ့ ဆန္ဒတွေအားလုံးကို… အသိတရား (အသိဉာဏ်+တရား)နဲ့ ကောင်းကောင်းမဖြေရှင်းဘဲ သူတို့ကို ရှင်သန်ကြီးထွားခွင့်ပေးခဲ့ရင်… သူရဲသူစေတွေက ဖျက်စီးနိုင်တာထက် အစမတန်ပိုဆိုးတဲ့ နာကျဉ်ကြေကွဲခြင်းတွေကို ကိုယ်ကသူများကို ပေးနိုင်သွားလိမ့်မယ်။ ကိုယ်က လူသတ်စက်ရုပ်ကြီးတောင် ဖြစ်သွားနိုင်တယ်။ တကယ်လည်း ကြောက်သင့်တာက ကိုယ်ရဲ့အတွင်းစိတ်မှာပဲရှိတယ်ဆိုတာ မမှားပါဘူး။
ထိုနည်းတူပဲ ဘာလို့ အားငယ်စိတ်တွေ ဝင်လွယ်တာလဲ၊ ဘာလို့စိတ်မရှည်တတ်တာလဲ…ဘယ်လိုမျိုးစိုရိမ်ပူပမ်းခြင်းတွေက ကိုယ့်ကို မနားနိုင်အောင် အမြဲမောင်းနေတာလဲ… အစရှိသည့် ကိုယ်ခံစားနေကျ အတွေ့အကြုံတွေကိုကြည့်ပြီး… ဘာလို့ ဒီလိုခံစားရတယ်၊ ဘယ်အချိန် ဘယ်အသက်အရွယ်က စတင်ခံစားခဲ့ရတယ်… ဆိုတဲ့ မေးခွန်းတွေကို အချိန်ယူပြီး (လနဲ့ နှစ်နဲ့ချီပြီး) အရိုးသားဆုံး ပြန်ကြည့်မယ်ဆိုရင်… စတင် ဖြစ်စေခဲ့တဲ့ အရင်းအမြစ် (root cause)တွေကိုတွေ့လာနိုင်တယ်… ကိုယ့်ကိုယ်ကိုနားလည်မှု (self-awareness, self-understanding)တွေတဖြည်းဖြည်း တက်လာမှာသေချာပါတယ်။
Root causeတွေသိပြီဆိုရင် Reconciliation with the past ဆိုတဲ့ အတိတ်နဲ့ ပြန်လည် သင့်မြတ်အောင် ကြေအေးမှုတွေယူလို့ရပါတယ်။ ဥပမာ-ဒေါသတရာကြီးစိုးနေတဲ့သူက သူ့ဒေါသရဲ့ အရင်းအမြစ်ကိုပြန်ကြည့်ရင် အတိတ်မှာ သူ့ကို အနိုင်ကျင့်တဲ့သူတွေ၊ စွပ်ဆွဲခဲ့သူတွေကြောင့်လို့တွေ့ခဲ့ရင် သူတို့ကို ခွင့်လွှင့်ပြီး ကြေအေးဖိုလုပ်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ ဒေါသတွေလည်း လျော့သွားမယ်။
နောက်တနည်းက …ဒါမျိုး ဒေါသထွက်ချိန်မှာ ကိုယ်ချစ်ခင်လေးစားရတဲ့ ပညာရှိဖြစ်သူတယောက်ယောက်သာ ကိုယ့်နေရာမှာရှိခဲ့တယ်ဆိုရင် သူဘယ်လုပ်မလဲ ဘယ်လိုဖြေရှင်းမလဲဆိုပြီး မြင်ယောင်ကြည့်ရင်လည်း ဖြေရှင်းနိုင်တဲ့နည်းလမ်းသစ်တွေတောင် ရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို နားလည်လာရင် ကိုယ့်ကို ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှာရတာ လွယ်ကူပါတယ်။

💢 တခုသိထားသင့်တာက lonelinessကတော့ အနည်းနဲ့ အများအမြဲရှိနေမှာပဲ။ ကိုယ့်ဘက်က မှန်ကန်တဲ့ ကျင့်စဉ်လေးတွေကို အမြဲလုပ်သွားရင်းပဲ ဖြေရှင်းနိုင်မှာပါ။

Loneliness အနည်းအကျဉ်းလေးရှိတာလည်းကောင်းပါတယ်။ Lonelyမဖြစ်ရင် မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ချစ်ခင်ခြင်းတွေမလိုတော့ပဲဖြစ်သွားမှာပေါ့နော်။ Lonelinessက ကြီးထွားလာပြီး ကိုယ့်ကိုယ် မြှိုမသွားဖို့ပဲလိုပါတယ်။

💢ဒါနဲ့…Passion လိုက်တဲ့သူတွေ၊ ထူးချွန်တဲ့သူတွေ ဘာလို့ အထီးကျန်သေးတာလဲ… ဆိုပြီး မေးချင်သူတွေရှိမယ်ထင်တယ်။

တချို့က Passionတွေလိုက်ပြီး ထူးချွန်လာပြီဆိုပေမယ့် ဆက်ပြီး အထီးကျန်ကြတယ်။ ဉပမာ.. အချို့သော နာမည်ကြီး အဆိုတော်/ရုပ်ရှင်သရုပ်ဆောင်တွေဆိုရင် ပရိတ်သတ်တွေရဲ့ အချစ်ကို ခံစားရတဲ့အချိန်လေး ပျော်ရွှင်နိုင်ကြပေမဲ့ အခန်းထဲမှာ တစ်ယောက်တည်း ပြန်ပြီးနားနေရတဲ့အချိန် သမုဒ္ဒရာလို နက်ရှိုင်းတဲ့အထီးကျန်ဆန်ခြင်းတွေနဲ့ ရင်ဆိုင်တတ်ကြရတယ်။
ဘာလို့ ဒီလိုဖြစ်ရတာလဲ? ဖြစ်နိုင်ခြေအမျိုးမျိုးထဲကတစ်ခုကတော့…သူတို့အတွက် နာမည်ကြီးခြင်းက သူတို့ဘဝမှာ အရေးအကြီးဆုံး၊ အများရဲ့ ကိုးကွယ်ခံရခြင်းကသာ သူတို့ရဲ့ ဘဝအဓိပ္ပါယ်ဖြစ်နေလို့ပဲဆိုရမလား။
ပရိတ်သတ်တွေ အမြဲဝိုင်းရံ ကိုးကွယ်နေတာကို မူယစ်ဆေးတစ်ခုလို တောင်းတနေရင်တော့ မှားနေပြီ။ ဒါက အတ္တဆန်တယ်ခေါ်ရမလား။ တလောကလုံးက သူတို့ကို ဗဟိုပြုပြီး လည်နေတာကိုပဲသူတို့မက်နေမယ်ဆိုရင်တော့ သူတို့သောဂမီးနဲ့သူတို့ ပြန်လောင်ရမှာပဲ။
ဒါကြောင့် Passionရှိပေမဲ့ ကိုယ်အသက်ရှင်ရတဲ့ ရည်ရွယ်ချက်က သေးသိမ်နေတယ်၊ တကိုယ်ကောင်းဆန်နေသေးတယ် ဆိုရင်တော့ အထီးကျန်နေအုံးမှာပဲ။ ဒါဆိုရင် ဘယ်လိုမျိုးအတွက် အသက်ရှင်သင့်လဲ?

💢💢 ပိုကြီးမားတဲ့ လူ့တန်ဖိုးတွေအတွက် အသက်ရှင်ခြင်း

စစ်မှန်နဲ့ပျော်ရွှင်ခြင်းကိုပေးတဲ့အရာတွေက ပေးဆပ်ခြင်းကလာတယ်လို့ တချို့ကပြောကြတယ်။ ဉပမာ- ပညာရေးဘက်မှာ စသင်တာလည်းကြိုက်၊ သင်တာလည်းကောင်းတဲ့အပြင်… တကယ်စေတနာနဲ့ လုပ်နေတဲ့ ကျောင်းဆရာ/မတချို့ပြောဖူးတာတွေ ကြားဖူးကြမှာပါ…“ဆရာ/မဆိုတာက စားစရာ/သုံးစရာ မပေါများပေမဲ့ ပီတိတွေလျှံနေပြီးပျော်ကြတယ် ချမ်းသာကြတယ်”ဆိုတာကိုလေ။(သူတို့ကို ဆင်းရဲသင့်တယ်ပြောတာမဟုတ်ပါဘူး။ Finlandမှာဆိုရင် သူတို့ကို သူရဲကောင်းနေရာမှာထားပြီး လေးစားကြတာ၊ လစာလည်းအကောင်းဆုံးပေးကြတာ)။
သူတို့ရဲ့ ပီတိကဘယ်လိုလာတာလဲ? ပညာဆိုတာက အံ့မခမ်းအောင် စွမ်းအားကြီးတယ်။ ကလေးတွေရဲ့ အတွေးအခေါ် အယူအဆ သဘောထားတွေကအစ ပြောင်းလဲပေးနိုင်တယ်… ဒါကြောင့်ပညာဝေမျှခြင်းက မြင့်မြတ်တဲ့အရာ/အဓိပ္ပါယ်ရှိတဲ့အရာဆိုတာ ဆရာ/မတိုင်းနားလည်လို့ အကောင်းဆုံးပေးချင်တဲ့စိတ်နဲ့ အကောင်းဆုံးပြင်ပြီး စာသင်ကြတာ။ ပျမ်းမျှအလုပ်သမားတွေထက် များစွာသော အချိန်နာရီတွေကို သူတို့ပေးဆပ်ကြတယ်။ သူတို့ကြောင့် တနည်းတဖုံနဲ့ ပြောင်းလဲ တိုးတက်လာတဲ့ ကလေးတွေကိုတွေ့ရင် အားရဝမ်းသာဖြစ်ရတယ် ပီတိဖြစ်ရတယ်ပေါ့။ သူခိုး၊ ဓါးပြတွေခိုးလို့မရနိုင်တဲ့ တကယ့် စည်းစိမ်ချမ်းသာဆိုတာ ဒီလိုမျိုးပီတိတွေပေါ့။
ဘဝအဓိပ္ပါယ်ပေးတဲ့ အရာတွေ၊ အထူးသဖြင့် မြင့်မြတ်တဲ့အရာတွေက ပေးဆပ်ခြင်းနဲ့လုပ်ရလေ့ရှိတယ်။ ပေးဆပ်ခြင်းဆိုတာက “ကိုယ့်တစ်ဉီးတည်းအတွက်ပဲ”ဆိုတဲ့ စိတ်ထားနဲ့ အလုပ်လုပ်တာထက် “အများအကျိုးတွက်”လည်းဖြစ်ရမယ် ဆိုပြီးလုပ်တာကိုပြောတာပါ။ ရလာတဲ့ ပျော်ရွှင်ခြင်းတွေကလည်း တာရှည်ခံတယ်။
အများအကျိုးအတွက်လုပ်လို့ရတဲ့နည်းလမ်းများစွာရှိပါတယ်။ တချို့ဆိုရင် တရားဘောင်ထဲနေပြီး လူ့လောကမှာ အလိုအပ်ဆုံး အာဟာရဖြစ်တဲ့ မေတ္တာတရားကို ပွားများကြတာတွေက သူတို့ရှင်သန်ရတဲ့ ဘဝအဓိပ္ပါယ်ပေါ့။ တချို့ကလည်း လူမှုအကျိုးပေး လုပ်ငန်းတွေ တတ်နိုင်တဲ့ဘက်က လုပ်ကြတယ်။ တချို့က စီးပွားလည်းရှာ အများအတွက်လည်း အလုပ်တွေဖန်တီးခြင်း၊ လှူခြင်း၊ ပြန်လညးဝေငှခြင်းအလုပ်တွေ အများကြီးလုပ်ကြတယ်။
စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ ပတ်သက်လာရင် ငါတစ်ယောက်တည်းပဲဆိုတဲ့ အတ္တစိတ်က နေရာလုံးဝမရှိပါဘူး။ စစ်မှန် နက်နဲသော ပျော်ရွှင်ခြင်းက အများအကျိုးအတွက် လုပ်ခြင်းကနေပဲလာတယ်ဆိုတာလည်း သုံးသပ်ဖူးသူတွေ တွေ့ရှိမှာပါ…
(Written by Tr. Francis. Edited by Soe Ted, Aung Si, and May Su

Leave a Reply

Your email address will not be published. Required fields are marked *