Loneliness vs Solitude (အထီးကျန်ဆန်ခြင်း)

Loneliness vs Solitude (အထီးကျန်ဆန်ခြင်း)

Loneliness vs Solitude (အထီးကျန်ဆန်ခြင်း)

Written by Tr. Francis. (Edited by Soe Ted, Aung Si, and May Su)

Loneliness နှင့် Solitude ဆိုတာ ဘယ်လို ကွာခြားလဲ?

💢ဒီစာလုံးနှစ်ခုလုံးက ကိုယ့်ဘာသာတစ်​ယောက်တည်းနေတာကြောင့် ဖြစ်ပေါ်လာတဲ့ခံစားချက်/အတွေ့အကြုံတစ်ခုပါ။ Loneliness ကကျတော့ တစ်ဦးတည်းနေရတာကြောင့် အထီးကျန်ရတဲ့အတွက် နာကျဉ်/ကြေကွဲမှုတွေကိုခံစားရတာ​ဖြစ်ပြီး ၊ Solitude ကတော့ တစ်ဦးတည်းနေရတာကိုဘဲ လိုလိုလားလားနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြစ်တာဆိုရင် မှန်ပါလိမ့်မယ်။
✨“Loneliness” ကို ကဗျာတွေ/သီချင်းတွေမှာ ကံကြမ္မာဆိုးကြောင့် ဆုံးရှုံးခဲ့ရတဲ့/ဝေးကွာခဲ့ရတဲ ကိုယ်တန်ဖိုးထားတဲ့သူတွေ ကိုယ်တန်ဖိုးထားခဲ့ရတဲ့အရာတွေကို ပြန်လည်တမ်းတဲ့အခါ ဟာတာမှုတွေ၊ မပြည့်စုံမှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေကို ခံစားရတာနဲ့ နှိုင်းယှဥ် ရေးဖွဲ့ထားကြတာ တွေ့ဖူးကြမှာပါ။
ဒါတွေတင်မက အထီးကျန်မှုဟာ အခြေအနေ မျိုးစုံ နေရာမျိုးစုံ ကနေ ပေါ်လာနိုင်ပါတယ်
🌟တချို့သူတွေဆိုရင် လွယ်လွယ်နဲ့ အထီးကျန်တတ်တယ်ပြောရမလား။ နည်းနည်းလေးတိတ်ဆိတ်လာရင်တောင် မနေတတ်တော့ဘဲ အသံအကျယ်ကြီး သီချင်းတွေဖွင့်လိုက်၊ ဆိုလိုက်လုပ်ကြတယ်။ ဒါမဟုတ် အထီးကျန်မှာကို ကြောက်တယ်ပြောရမလား။ တစ်ယောက်တည်းမဖြစ်ရလေအောင် သူများတွေကိုရှာ စကားပြောမယ် (သို့) ဖုန်းသုံးပြီး Facebook တို့ ဘာတို့ အဆက်မပြတ်ကြည့်နေရမှ (အမြင်အာရုံတွေကိုအဆက်မပြတ်ကျွေးနေရမှ)နေတတ်ကြတယ်။
🌟တချို့ကလည်း သူငယ်ချင်းတွေနဲ့ ဝိုင်းရံနေတာတောင် ရံဖန်ရံခါ ကိုယ့်သူငယ်ချင်းအုပ်စုထဲမှာမှ ကိုယ်ရဲ့ ကိုယ်ရည်ကိုယ်သွေးပုံစံကြောင့် ကွဲထွက်နေသလို ကိုယ်ကဒီအုပ်စုထဲ မသက်ဆိုင်တဲ့ အပြင်လူလို အမြဲတမ်းတခုခုလိုနေသလို…ရင်ဘက်ထဲမှာ ဟာတာတာနဲ့ သိမ်ငယ်အထီးကျန်တဲ့စိတ် ​တွေလွှမ်းခြုံနေသလိုလို ခံစားကြရတယ်။ ဒါ့ကြောင့် ဘယ်လောက်လူထူထပ်ပြီး အလုပ်ရှုပ်နေတဲ့ ဘဝမှာနေရတာပဲဖြစ်ဖြစ် အထီးကျန်ရတတ်တဲ့သူကတော့ရှိတာပဲလို့ ကောက်ချက်ချကြမလား။

💢Lonelinessကို ရင်မဆိုင်ပဲထားရင် (သို့) နည်းလမ်းမှန်မှန်နဲ့ မရင်ဆိုင်တတ်ဘူးဆိုရင်

🌟အထီးကျန်ခြင်း (Loneliness)ကို ကြောက်ပြီး အမြဲရှောင်နေတတ်တာ (သို့) အမြဲ အထီးကျန်တတ်တာက သိပ်တော့ မကောင်းပါဘူး ။ဘာဖြစ်လို့လဲဆိုတော့ အထီးကျန်ဆန်ခြင်းကို နည်းမှန်မှန် သတ္တိရှိရှိ မရင်ဆိုင်နိုင်သေးဘူးဆိုရင် ဒီ ဟာတာမှုတွေကို ကိုယ့်အတွက်ဘာမှ အကျိုးမရှိမယ့် ခဏတာ အထီးကျန်မှုကိုမေ့စေ့မယ့် အကျင့်ဆိုးတွေနဲ့အစားထိုးမယ် ဥပမာ ပိုက်ဆံဖြုန်းတီးရာရောက်တဲ့ ကိုယ့်ကိုယ်ကိုဖျက်စီးမည့် Substances (ဆေး/အရက်)တွေနဲ့ အစားထိုး ကုချင်လာတတ်ကြတယ်။ ဒါတွေက ခဏတာသာ မျက်ကွယ်ပြုထားရုံလောက်သာထိရောက်မှာ ဖြစ်ပြီး ရေရှည်ဆို ကိုယ်သာထိခိုက်ခံစားရပါလိမ့်မယ်
တချို့ကလည်း အသက်ကြီးလာရင် အထီးကျန်မှာကြောက်လို့ အိမ်ထောင် ငယ်ငယ်ရွယ်ရွယ်နဲ့ ပြုလိုက်ပြီး သူတို့ဘဝမှာ ဖြစ်နိုင်ခြေအရာတွေကို မြောင်းထဲသွင်ချလိုက်ကြတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုရင်ဘဲဖြစ်ဖြစ် အထီးကျန်ဆန်ခြင်းက အမြဲရှိနေမှာပါ။ သက်ကြီးရွယ်အိုဘဝရောက်ပြီဆိုရင်လည်းရှိနေအုံးမှာပဲ။ ဘယ်ဘဝကိုရွေးရွေး ဘယ်အရာတွေနဲ့ပဲ အစားထိုးထိုး အထီးကျန်ဆန်ခြင်းက ရှိနေမှာပဲ။

💢>ဒါဆို Loneliness ကို လူတိုင်း ကြုံတွေ့ရမှာဆိုတော့ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ?

ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲက နည်းလမ်းတချို့ကို ကြည့်ကြည့်ရအောင်…

𝟏. Passion ကိုသိခြင်း/လိုက်စားခြင်း (သို့) ကိုယ်စိတ်အားသန်ဝါသနာပါတာကိုသိခြင်း/လိုက်စားခြင်း

 

🌟အိမ်ထောင်ကို (တမင်တကာ)မပြုဘဲ လူပျို/အပျိုကြီးဘဝပဲနေတဲ့သူတွေက “I am alone, but not lonely ဆိုပြီး ဟာသလိုလိုပြောလေ့ရှိကြတာ တချို့ကကြားဖူးမှာပါ။ ဘာလို့ တစ်ချို့လူတွေက တစ်ရောက်တည်းနေကြပေမဲ့ အထီးကျန်မှု (သိပ်ပြီး) မခံစားကြတာလဲ? သူတို့က သူတို့ဘဝကို ပြည့်ဝတယ် ပျော်ရွှင်စရာကောင်းတဲ့အရာ လုပ်နေရလို့ပဲဆိုရမလား။
🌟ဉပမာ National Geography မှာလုပ်တဲ့ wild life photographerတွေ၊ wild life conserveation မှာလုပ်သူတွေ၊ နိုင်ငံရပ်ခြားသွားရတဲ့ သတင်းသမားတွေ၊ researchersတွေ အကြောင်း ဖတ်ဖူးကြမယ်ဆိုရင် သူတို့လိုလူတော်တော်များများက သူတို့ နှစ်သက်တဲ့အလုပ်မှာပဲ ဘဝကို ရင်းနှီးမြုတ်နှံကြပြီး အိမ်ထောင်မပြုသူတွေ တော်တော်များတာတွေ့ရနိုင်ပါတယ်။
🌟သူတို့ကတော့ ရှိတဲ့ စက္ကန့်တိုင်းကို သင်ယူဖို့ သတင်းယူဖို့ အသုံးချကြတာပါ။ အထီးကျန်လေ့ရှိလားလို့ သူတို့ကိုမေးရင် အထီးကျန်ဖို့တောင် မေ့မေ့သွားတယ်လို့ ဖြေတဲ့သူတွေ တွေ့ဖူးကြပါလိမ့်မယ်။

 

👉သူတို့ဆီက ဘာတွေသင်လို့ရသလဲ?

🌟ကိုယ့်ဘဝမှာ ကိုယ့်ရဲ့ passion (ဉပမာ-ကိုယ်ကြိုက်တဲ့/ချစ်တဲ့ အရာတွေ အားကစား၊ wild life photography၊ စီပွားရေး၊ ပန်းချီ၊ music…) ကိုတွေ့ရှိပြီး အကောင်းဆုံးဖြစ်ချင်တဲ့ ဆန္ဒနဲ့ အငန်းမရ လိုက်စားနေရရင်…… lonelinessလျော့သွားမယ်/မရှိသလောက်တောင်ဖြစ်သွားမယ် ကိုယ့် passionကို တွေ့ပြီဆိုရင် အကောင်းဆုံးရလဒ်တစ်ခုဖြစ်လာအောင် နှစ်လများစွာ ပျော်ပျော်နဲ့ ရင်းနှီးနိုင်သွားမယ်။ အသက်ရာကျော်ထိ သက်ရှည်ကျန်းမာတဲ့ ပုဂ္ဂိုလ်တွေကို လေ့လာကြည့်တဲ့အခါမှာ အသက်ကြီးပြီဆိုပေမဲ့ သိချင်တတ်ချင်သင်ချင်စိတ်နဲ့ ဆက်ပြီး ဗဟုသုတတွေကို ဆက်လက် ဆည်းပူးသူတွေအဓိက ပါပါတယ်။
ကိုယ့်ရဲ့ Passion ဆိုတာက ကိုယ်တကယ်လည်း ကြိုက်တဲ့အရာ၊ လိုက်စားရင် ပျော်ရွှင်မှုတွေကို ပေးတဲ့ အရာတွေလို့ ပြောလို့ရတယ်။ ဒီလိုပျော်ရွှင်မှုက လေးနက်စမ်းကျယ်တဲ့ အရာတွေနဲ့ ဆက်ဆပ်နေတယ်လို့ပြောရင် မမှားလောက်ဘူး။ ဉပမာ…တချို့သော Wildlife photographerတွေကျတော့ စမ်းကျယ်တဲ့ သဘာဝရဲ့ လျှို့ဝှက်ချက်တွေကို သိလေ၊ ဒီလောကကြီးက ဆန်းကျယ်မှုတွေနဲ့ ပြည့်နေပါလား၊ လူတွေနားမလည်သေးတဲ့အရာတွေ အများကြီးရှိပါသေးလားဆိုပြီး အသက်ရှင်ခွင့်ရတာလေးကိုတောင် ကျေးဇူးတင်တတ်ကြတယ်။ တခါတလေ အရမ်းလှပတဲ့ သဘာဝရှုခင်းကိုတွေ့ရင် အရိုအသေပေးတဲ့အနေနဲ့ ဓာတ်ပုံတောင် မရိုက်ဘဲနေသူတွေရှိတယ်တဲ့။ ဒီလိုမျိုးလူတွေဆိုရင် အရာရာတိုင်းမှာ အလှတရားကိုတွေ့တတ်သူတွေလို့ ပြောရင်မမှားပါဘူး။
တချို့သော သိပ္ပံပညာရှင်တွေလည်း အတူတူပဲ။ သဘာဝရဲ့ ဆန်းကျယ်တဲ့ နိယာမတွေကြားထဲ နစ်မြောသွားကြပြီး အထီးကျန်ခြင်းဆိုတာတောင် နားမလည်ကြတော့ဘူး။ လူဦးနှောက်နဲ့ မသိရသေးတဲ့အရာတွေ အများကြီးရှိသေးတာကိုသိတော့ ကိုယ့်ကိုယ်ကို နှိမ့်ချခြင်း(humbleness)နဲ့ဘဝကို နေကြတယ်။
နက်နက်နည်းနည်း ကြည့်တတ်သူတွေအတွက် ဒီကမ္ဘာ စကြဝဠာမှာ အသက်ရှင်ခွင့်ကို ကျေးဇူးတင်တတ်ပြီး အများကိုလည်း လေးလေးနက်နက်နဲ့ ဆက်ဆံတတ်တာတွေရတတ်ပါတယ်။ တကယ့်ပညာရှိတွေဆိုရင် မောက်မာသူတွေမရှိဘူးဆိုရင် အကုန်လုံးသဘောတူမယ်ထင်ပါတယ်။ သူတို့ဆိုရင် လူအများကို ပေါ့ပေါ့တန်တန် သဘောထားဆက်ဆံတာတွေလည်း မရှိတဲ့အပြင်၊ အများကို ခွဲခြားဆက်ဆံတာတွေလည်းမရှိဘူး…

 

𝟐.Solitude ကို Mindfulness နဲ့တမင်ဝင်ခြင်းဖြစ် ကိုယ့်ကိုယ်ကိုနှင့် မိတ်ဖွဲ့ခြင်း

🌟အခုခေတ်မှာတော့ အများနဲ့ သင့်လျော်အောင် ပေါင်းတတ် အတူအလုပ်လုပ်တတ်ဖို့ပဲ ကျောင်းတွေ/အလုပ်ခွန်တွေမှာ အမြဲကြိုးစားခိုင်းနေကြတော့ တစ်ဦးတည်းနေကြည့်ပါဆိုပြီး ပြောတဲ့သူတွေရှားနေပါတယ်။
🌟တစ်ဦးတည်းနေတတ်တာကလည်း အရည်အချင်းတစ်ခုပဲဆိုတာကို Counsellor တွေက အလေးနက်ထား ပြန်ပြောလာကြတာ တွေတွေ့ရတယ်။ Solitudeဆိုတာက အသစ်မဟုတ်ပါဘူး။ သမိုင်းတလျှောက်မှာ ကြားဖူးကြမှာပါ… တောထွက်ပြီး တရားကျင့်တာ (သိုင်းကျင့်တာ 😃 )တို့ လူတော်တော်များများ လုပ်ဖူးခဲ့ကြတယ်။ တမင်တကာ လူသူနဲ့ဝေးတဲ့ နေရာတွေမှာ တစ်ယောက်ထဲ သွားနေတာကို to spend some time in solitude/to be alone in solitude လို့ခေါ်ကြတယ်။ တရားကျင့်သူတွေကြတော့ ညစ်ညူးတဲ့ လူ့အသိုင်းအဝိုင်းကနေဝေးချင်လို့၊ ကိုယ့်ကိုယ်ကို နားလည်ဖို့၊ englightenmentဆိုတဲ့ သဗ္ဗညုတဉာဏ်ကိုရချင်လို့ ဆိုပြီး အကြောင်းအမျိုးမျိုးရှိပါတယ်။
🌟Solitudeက တစ်ယောက်ထဲ ဒီအတိုင်းနေတာမဟုတ်ဘူး။ “Mindfulness” လို့ခေါ်တဲ့ အသိရှိခြင်းကို ကျင့်တာပါ။ ဉပမာ- ပစ္စုပ္ပန်ကို အာရုံစိုက်ပြီး၊ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ အတွေးအခေါ်တွေ၊ ကိုယ်ခန္ဓာခံစားချက်တွေကိုလည်း ဂရုစိုက်ကြည့်တာ၊ အသက်ရှူခြင်း (သက်ဝင်သက်ထွက်)ကိုပဲ အာရုံစိုက်တာဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဲဒါကြောင့် တောထဲသွားစရာမလိုပဲ cellphone မသုံးဘဲ/wifi မချိတ်ဘဲ နေ့တစ်ပိုင်းလောက် (တစ်ပတ်တစ်ခေါက်) နေတတ်ရင်ကို solitude ကျင့်တာနဲ့တူမယ်။
တခါတလေ ကိုယ်တစ်ယောက်တည်း စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ညနေစာစားကြည့်တာ၊ စက်ဘီးစီးကြည့်တာ၊ သဘာဝရှုခင်းအလှတွေကို ရှုငေးခံစားကြည့်တာ အစရှိသည့်အရာတွေကို လုပ်ခြင်းဖြစ်ကျင့်လို့ရပါတယ်။ အဓိကကတော့ ကိုယ်တစ်ဦးတည်းနေပြီး ကိုယ်ကြိုက်တဲ့ ပျော်တဲ့အရာလေးတွေကိုလုပ်နေခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုနဲ့ နေသားကျလာဖို့ (feel at peaceဖြစ်ဖို့) လုပ်တာပေါ့။
(ဒါနဲ့…နားလည်မှုတော့မလွဲစေချင်ဘူး။ လူတွေနဲ့ ဝေးဝေးနေဖို့ အဆက်အသွယ်ဖြတ်ဖို့ ပြောနေတာမဟုတ်ပါဘူး။ လူတွေနဲ့ ပေါင်းသင်တတ်တာ၊ သူငယ်ချင်းဖွဲ့တာတွေက အရေးကြီးသလို တစ်ယောက်တည်းနေတတ်ဖို့လည်း အရေးကြီးတယ်ဆိုတာကို ပြောချင်တာပါ။)

 

👉ဒီလို Solitude ကိုကျင့်လို့ ဘာအကျိုးတွေရမလဲ?

🌟ပထမဆုံး အကျိုးကတော့ အနားရခြင်းပါ။ ဆိုပါစို့- ခန္ဓာကိုယ်တစ်ခုက မီးစက်တစ်ခုဖြစ်ခဲ့သော် Aircon, TV, Computer စသည့် အသုံးဆောင် စက်ပစ္စည်းတွေကို အကုန်ခဏပိတ်ထားလိုက်ရင် စက်က ရုန်းစရာမလိုတော့တဲ့သဘောပေါ့။ ဆူညံနေတဲ့ အသံတွေကလည်း ငြိမ်သွားမယ်ဆိုရင် စိတ်အာရုံတွေကလည်း နားခွင့်ရှိသွားတဲ့သဘောပေါ့။ လူကတော့ Screen တွေ၊ သတင်းတွေ၊ အလုပ်တွေ၊ လူတွေနဲ့ ထိတွေ့မှုတွေက နားခွင့်ရှိတော့ အားအင်တွေ ပြန်ပြည့်လာပြီး စိတ်သစ်ကိုယ်သစ်နဲ့ နေနိုင်သွားတာပေါ့။ (မီးစက်ကို နားခွင့်မပေးရင်တော့ Burnout ဖြစ်သွားနိုင်သလို လူဆိုရင်လည်း မနားတတ်ရင် ရေရှည်မှာ ခွေကျ/ရူးသွားနိုင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ တည်ထွင် ကြံစတတ်တဲ့ စွမ်းရည်တွေ ခမ်းသွားနိုင်တယ်။)
🌟ဒုတိယ အကျိုးကတော့ သဘာဝနဲ့ သဟဇာတပြန်ဖြစ်လာတယ်။ Solitude ကို Mindfulness လေးနဲ့နေမယ်ဆိုရင် အရာရာက နှေးသွား၊ ငြိမ်သွားတော့ ပတ်ဝန်းကျင်ကအလှတွေလည်း တွေ့ခွင့်၊ ခံစားခွင့်ရှိသွားသလို ငါနေခွင့်ရှိတဲ့ ကမ္ဘာလေးကလှပါလားဆိုပြီး ကျေးဇူးတင်တတ်လာမယ်။ ကိုယ့်ပတ်ဝန်းကျင်းကို ပိုတန်ဖိုးထားတတ်လာမယ်။ စိတ်ရှည်ခြင်း၊ သည်းခံခွင့်လွှတ်တတ်ခြင်းတွေဆိုပြီး အကျိုးများစွာတွေလည်း ရနိုင်ပါတယ်။
🌟တတိယ (အရေးအကြီးဆုံးလည်းဖြစ်တဲ့) အကျိုးကတော့ ကိုယ်ကိုယ်ကိုနားလည်ခွင့်၊ ကိုယ့်ကိုယ်ကိုနဲ့ သူငယ်ချင်း ပြန်ဖြစ်လာခွင့်ရှိမှာဖြစ်ပါတယ်။ တစ်ပါးသူတွေနဲ့ သူငယ်ချင်းဖွဲ့ရတာကမလွယ်သလိုမျိုး ကိုယ့်ကိုယ်ကိုနဲ့ အရိုးသားဆုံးခင်နိုင်ဖို့ဆိုရင် သူငယ်ချင်းဖြစ်ဖို့ဆိုရင် အချိန်ပေးရမယ်… ကိုယ်အမြဲဝတ်လေ့ရှိတဲ့ မျက်နှာဖုံးတွေကိုလည်း တစ်လွှာချင်း ခွါပစ်ရမှာဆိုတော့ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို နားလည်ဖို့ဆိုတာက အရမ်းကျယ်ပြန့်လွန်းတယ်ဆိုတော့ တချို့ ဉပမာလေးတွေပဲ ကြည့်ကြည့်ရအောင်…
ဆိုပါစို့- တစ်ယောက်တည်းနေရတာကို ကြောက်တတ်တယ်. ဘာလို့ အကြောက်တရားက ကိုယ့်ကို အမြဲလွှမ်းခြုံအနိုင်ယူနိုင်တာလဲလို့ မေးကြည့်ရင် ငယ်ငယ်ကတည်းက ကိုယ်ကြီးလာတဲ့ ပတ်ဝန်းကျင်မှာ သူရဲတစေ အကြောင်းတွေအမြဲပြောတတ်တာကြောင့်လား၊ စနောက်ပြီး တမင်အခြောက်ခံရဖူးလားဆိုပြီး အဖြေတွေတွေ့နိုင်ပါတယ်။ နားလည်လာပြီဆိုရင် ကြောက်တတ်တဲ့ အကျင့်ကို တဖြေးဖြေးချင်း ဖြေဖျောက်နိုင်တဲ့ နည်းလမ်းတွေ ရှာတွေ့နိုင်တယ်။
တကယ့် အဖြစ်အပျက် ဉပမာလေးပြောရမယ်ဆိုရင်…တသက်လုံးအရမ်းကြောက်တတ်တဲ့သူတစ်ယောက်က တနေ့ တစ်ယောက်ထဲ အမှောင်ထဲနေဖို့ မကြောက်တော့တာနဲ့ သူများမေးကြည့်တော့…သူကပြန်ဖြေလိုက်တယ်။ “သူစေသူရဲထက် ပိုကြောက်ဖို့ကောင်းတဲ့ အရာက တွေ့သွားလို့ပါ”တဲ့။ (သူက ဉပုဒ်စောင့် ကမဠာန်းရှုကျင့်တဲ့အချိန် ကြောက်တတ်လွန်းလို့ဆိုပြီး သင်္ချိုင်းနဲ့ နီးတဲ့အဆောင်မှာ တစ်ယောက်တည်း ရှုကျင့်ခဲ့ရတယ် ၊ ပထမ ၃ ရက်တော့ အိပ်မရအောင်ကြောက်ခဲ့တယ်။ နောက်ပိုင်းတော့ တစ်လလုံးတောင် သီတင်းသုံးနိုင်သွားခဲ့တယ်။) သူပြောတဲ့အရဆိုရင် တကယ်ကြောက်စရာကောင်းတာက ကိုယ့်စိတ်အတွင်းထဲမှာပဲရှိတယ်ဆိုတာ နားလည်သွားလို့ပါတယ်။ လေးလေးနက်နက်စဉ်းစားကြည့်ရင် ဟုတ်ပါတယ်။ ကိုယ့်စိတ်နှလုံးထဲက လောဘ၊ဒေါသ၊မောဟတွေကို အစာကျွေးရှင်သန်ကြီးထွားခွင့်ပေးခဲ့ရင် ကိုယ်ကဘာတွေဖြစ်သွားနိုင်လဲ ဆိုတာလူတိုင်းမေးသင့်တယ်?
ကိုယ်ဒေါသထွက်တဲ့အချိန် သူတပါးရဲ့ ဘဝကို ဖျက်စီးချင်တယ်စိတ်တွေ၊ ကိုယ်လောဘကြီးတဲ့အချိန် သူတပါး ပစ္စည်းကို လုယူချင်တဲ့စိတ်၊ သူတပါးတိုးတက်တာ အောင်မြင်တာကို မကြည့်ချင်တဲ့ မလိုလားတဲ့ မနာလိုမှုတွေ၊ အများအပေါ် နိုင်ထက်စီးနင်း လုပ်ချင်တဲ့ ဆန္ဒတွေက အသိတရား (အသိဉာဏ်+တရား)နဲ့ ကောင်းကောင်းမဖြေရှင်းတတ်ရင် ဘာဖြစ်သွားမလဲ? သူရဲတစေကပေးတဲ့အကြောက်တရားထက် ပိုဆိုးတဲ့တကယ်သူတပါးကိုပျက်စီးစေခြင်း/နာကျဉ်ခြင်းကို ပေးနိုင်တဲ့သူ ကိုယ်ဖြစ်သွားမယ်။
ကိုယ့်စိတ်နှလုံးထဲမှာ အမုန်းတရားတွေ ဒေါသမီးတွေကိုပဲ ရှင်သန်ခွင့်ပေးလို့ကတော့ ကိုယ်ကလူသတ်စက်ရုပ်ကြီးတောင် ဖြစ်သွားနိုင်တယ်။ ဘယ်လောက်ဆိုးတဲ့ သူရဲဘဲဖြစ်ဖြစ် ကိုယ့်ဘဝနှင့် အများဘဝကို ကိုယ့်လောက် ဖျက်စီးနိုင်တဲ့ စွမ်းအင်မရှိဘူးဆိုတော့ တကယ်လည်း ကြောက်သင့်တာက ကိုယ်ရဲ့အတွင်းစိတ်မှာပဲရှိတယ်ဆိုတာ မမှားပါဘူး။

 

ဒီလိုပဲ ဘာလို့ အားငယ်စိတ်တွေ ဝင်လွယ်တာလဲ၊ ဘာလို့စိတ်မရှည်တတ်တာလဲ…ဘာတွေက ကိုယ့်ကို မနားနိုင်အောင်/ဘယ်လိုမျိုးစိုရိမ်ပူပမ်းခြင်းတွေက ကိုယ့်ကို အမြဲမောင်းနေတာလဲ… အစရှိသည့် ကိုယ်ခံစားနေကျ အတွေ့အကြုံတွေကို ဘာလို့ ဒီလိုခံစားရတယ်၊ ဘယ်အချိန် ဘယ်အသက်အရွယ်က စတင်ခံစားခဲ့ရတယ်… ဆိုတဲ့ မေးခွန်းတွေကို အချိန်ယူပြီး (လနဲ့ နှစ်နဲ့ချီပြီး) အရိုးသားဆုံးအကြည့်နဲ့ပြန်ကြည့်မယ်ဆိုရင်… စတင် ဖြစ်စေခဲ့တဲ့ အရင်းအမြစ် (root cause)တွေကိုတွေ့လာနိုင်တယ်… ကိုယ့်ကိုယ်ကိုနားလည်မှု(self-awareness, self-understanding)တွေတဖြည်းဖြည်း တက်လာမှာသေချာပါတယ်။
ကိုယ်က အရမ်းဒေါသထွက်နေတဲ့ အချိန်မှာ တစ်ဦးထဲ Solitude နေပြီး လောင်နေတဲ့ခံစားချက်ကို အာရုံစိုက်ကြည့်မယ်ဆိုရင်… ဒါမျိုးဒေါသတွေကို ငါအကြိမ်ကြိမ်တွေ့ကြုံခဲ့ပါလားတွေတာတွေ့သွားမယ်။ တခြားသူ (ကိုးကွယ်ရလောက်အောင် ကိုယ်လေးစားတဲ့ ပုဂိုလ်တစ်ဦးဦး )က ကိုယ့်နေရာမှာဆိုရင် ကိုယ့်လိုပဲ ဒေါသတွေ ထွက်နေမလား။ သူက ဒီဒေါသတွေကို ဘယ်လိုဖြေရှင်းမှာလဲ ဆိုပြီး မြင်ယောင်စဉ်းစားကြည့်မယ်ဆိုရင် နည်းလမ်းသစ်တွေတောင် ရနိုင်ပါတယ်။ ဘာလို့ ငါဒီလိုစိတ်တိုတာလဲ?
အရင်တွေတုန်းကကော ဒါမျိုးတွေငါစိတ်တိုဖူးလား။ ဘာတွေက ငါ့ကို အမြဲစိတ်တိုစေတာလဲ? ဖြေဖြေးလေးနဲ့ စိတ်တိုတဲ့အရာကို စကြည့်လိုက်ပြီဆိုတာနဲ့ ကိုယ်ငယ်ငယ်တုန်းက အနိုင်ကျင့်တဲ့သူတွေကို နာကြီးစိတ်တွေ၊ သို့မဟုတ် ကိုယ်ကို အထင်လွဲပြီး အပစ်ပေးခံရတာ၊ ကိုယ့်မိဘက နားလည်ပေးတာမရှိဘဲ အမြဲပဲစွပ်စွဲတတ်တာတွေ… စသည်ဖြစ် တွေ့ကောင်းတွေ့နိုင်ပါတယ်။ အရိုးဆုံးပြောရရင် ကိုယ့်ရဲ့ စိတ်မရှည်တတ်တဲ့ အကျင့်က ရုတ်တရက်ဖြစ်လာတာမဟုတ်ဘူး… တဖြေးဖြေးချင်း တည်ဆောက်လာတဲ့ အရာဖြစ်တယ်။ ခွင့်လွှတ်သင့်တဲ့သူတွေ/ မသင့်တဲ့သူတွေကို ခွင့်လွှတ်လိုက်မှ ဒီဒေါသက ပျောက်သွားနိုင်ပါတယ်။
တခုသိထားသင့်တာက lonelinessကတော့ အနည်းနဲ့ အများအမြဲရှိနေမှာပဲ။ ကိုယ့်ဘက်က မှန်ကန်တဲ့ ကျင့်စဉ်လေးတွေကို အမြဲလုပ်သွားရင်းပဲ ဖြေရှင်းနိုင်မှာပါ။ Loneliness အနည်းအကျဉ်းလေးရှိတာလည်းကောင်းပါတယ်။ Lonelyမဖြစ်ရင် မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ချစ်ခင်ခြင်းတွေမလိုတော့ပဲဖြစ်သွားမှာပေါ့နော်။ Lonelinessက ကြီးထွားလာပြီး ကိုယ့်ကိုယ် မြိုမသွားဖို့ပဲလိုပါတယ်။ ဒါနဲ့…

 

💢Passion လိုက်တဲ့သူတွေ၊ ထူးချွန်တဲ့သူတွေ ဘာလို့ အထီးကျန်သေးတာလဲ… ဆိုပြီး မေးချင်သူတွေရှိမယ်ထင်တယ်။

တချို့က Passionတွေလိုက်ပြီး ထူးချွန်လာပြီဆိုပေမယ့် ဆက်ပြီး အထီးကျန်ကြတယ်။ ဉပမာ.. အချို့သော နာမည်ကြီး အဆိုတော်/ရုပ်ရှင်သရုပ်ဆောင်တွေဆိုရင် ပရိတ်သတ်တွေရဲ့ အချစ်ကို ခံစားရတဲ့အချိန်လေး ပျော်ရွှင်နိုင်ကြပေမဲ့ အခန်းထဲမှာ တစ်ယောက်တည်း ပြန်ပြီးနားနေရတဲ့အချိန် သမုဒ္ဒရာလို နက်နဲတဲ့အထီးကျန်ဆန်ခြင်းတွေနဲ့ ရင်ဆိုင်တတ်ကြရတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ? ဖြစ်နိုင်ခြေအမျိုးမျိုးထဲက…ဖြစ်နိုင်ခြေရှိတစ်ခုက…သူတို့အတွက် နာမည်ကြီးခြင်းက သူတို့ဘဝမှာ အရေးအကြီးဆုံး၊ အများရဲ့ ကိုးကွယ်ခြင်းကို ကသာ သူတို့ရဲ့ ဘဝအဓိပ္ပါယ်ဖြစ်နေလို့ပဲဆိုရမလား။ ပရိတ်သတ်တွေ အမြဲဝိုင်းရံ ကိုးကွယ်နေတာကို မူယစ်ဆေးတစ်ခုလို တောင်းတနေရင်တော့ မှားနေပြီ။ ဒါက အတ္တဆန်တယ်ခေါ်ရမလား။ တလောကလုံးက သူတို့ကို ဗဟိုပြုပြီး လည်နေတာကိုပဲသူတို့မက်နေမယ်ဆိုရင်တော့ သူတို့သောဂမီးနဲ့သူတို့ ပြန်လောက်ရမှာပဲ။ အထီးကျန်ခြင်းတွေရှိနေအုံးမှာပဲ။ သူတို့အနားယူနိုင်ဖို့၊ တည်ထွင်ကြံစနိုင်ဖို့ သူတို့ရဲ့လူထူတဲ့ဘဝနေထိုင်မှုပုံစုံထဲမှာဘဲ solitudeနဲ့သူတို့ မိတ်ဖွဲ့တတ်ရမယ်။

🌟 3. ပိုကြီးမားတဲ့ လူ့တန်ဖိုးတွေအတွက် အသက်ရှင်ခြင်း

စစ်မှန်နဲ့ပျော်ရွှင်ခြင်းကိုပေးတဲ့အရာတွေက ပေးဆပ်ခြင်းကလာတယ်လို့ တချို့ကပြောကြတယ်။ ဉပမာ- ပညာရေးဘက်မှာ တကယ်စေတနာနဲ့ လုပ်နေတဲ့ ကျောင်းဆရာ/မတချို့ပြောဖူးတာတွေ ကြားဖူးကြမှာပါ…“ဆရာ/မဆိုတာက စားစရာ/သုံးစရာ မပေါများပေမဲ့ ပီတိတွေလျှံနေပြီးပျော်ကြတယ် ချမ်းသာကြတယ်”ဆိုတာကိုလေ။ (သူတို့ကို ဆင်းရဲသင့်တယ်ပြောတာမဟုတ်ပါဘူး။ Finlandမှာဆိုရင် သူတို့ကို သူရဲကောင်းနေရာမှာထားပြီး လေးစားကြတာ၊ လစာလည်းအကောင်းဆုံးပေးကြတာ)။ သူတို့ရဲ့ ပီတိကဘယ်လိုလာတာလဲ? ပညာဆိုတာက အံ့မခမ်းအောင် စွမ်းအားကြီးတယ်။ ကလေးတွေရဲ့ အတွေးအခေါ် အယူအဆ သဘောထားတွေကအစ ပြောင်းလဲပေးနိုင်တယ်…
ဒါကြောင့်ပညာဝေမျှခြင်းက မြင့်မြတ်တဲ့အရာ/အဓိပ္ပါယ်ရှိတဲ့အရာဆိုတာ ဆရာ/မတိုင်းနားလည်လို့ အကောင်းဆုံးပေးချင်တဲ့စိတ်နဲ့ အကောင်းဆုံးပြင်ပြီး စာသင်ကြတာ။ ပျမ်းမျှအလုပ်သမားတွေထက် များစွာသော အချိန်နာရီတွေကို သူတို့ပေးကြတယ်။ သူတို့ကြောင့် တနည်းတဖုံနဲ့ ပြောင်းလဲ တိုးတက်လာတဲ့ ကလေးတွေကိုတွေ့ရင် အားရဝမ်းသာဖြစ်ရတယ် ပီတိဖြစ်ရတယ်ပေါ့။ သူခိုး၊ ဓါးပြတွေခိုးလို့မရနိုင်တဲ့ တကယ့် စည်းစိမ်ချမ်းသာဆိုတာ ဒီလိုမျိုးပီတိတွေပေါ့။ ဘဝအဓိပ္ပါယ်ပေးတဲ့ အရာတွေ၊ အထူးသဖြင့် မြင့်မြတ်တဲ့အရာတွေ လုပ်ဆောင်ခြင်းက ကြာရှည်ခံသော ပျော်ရွှင်ခြင်းတွေကိုပေးတယ်ဆိုတာကတော့ လူတိုင်းသိပြီးသားပါ။ တချို့ဆိုရင် တရားဘောင်ထဲနေပြီး လူ့လောကမှာ အလိုအပ်ဆုံး အာဟာရဖြစ်တဲ့ မေတ္တာတရားကို ပွားများကြတာတွေက သူတို့ရှင်သန်ရတဲ့ ဘဝအဓိပ္ပါယ်ပေါ့။ တချို့ကလည်း လူမှုအကျိုးပေး လုပ်ငန်းတွေ တတ်နိုင်တဲ့ဘက်က လုပ်ကြတယ်။
တရားနဲ့ပတ်သက်လာရင် အတ္တဆိုတဲ့အရာက နေရာလုံးဝမရှိပါဘူး။ စစ်မှန် နက်နဲသော ပျော်ရွှင်ခြင်းက အများအကျိုးအတွက် လုပ်ခြင်းကနေပဲလာတယ်ဆိုတာလည်း သုံးသပ်ဖူးသူတွေ တွေ့ရှိမှာပါ။
အချို့သော သူတွေက ဝမ်းစာ အတွက် ခက်ခက်ခဲခဲ အလုပ်လုပ်ပြီး လုပ်ရတဲ့အပြင် စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ကို မခံစားရကြဘူး ဒါကြောင့် ကိုယ် passion ရှိရာအလုပ်ကို လုပ်ပြီး အများအကြိုးဆောင်အလုပ်တွေကိုလည်းလုပ်ရတဲ့ ဘဝနေထိုင်မှုကို ရွေးချယ်ရင် စစ်မှန်တယ့်ပျော်ရွှင်မှုရမယ်ဆိုတာ သဘောတူမယ်ထင်ပါတယ်…
အရမ်းနာမည်ကြီး ချမ်းသာတဲ့ သူတွေထဲမှာ (ဉပမာ- Hollwood သရုပ်ဆောင်တွေထဲမှာ)၊ ကောင်းကောင်းမွန်မွန်နဲ့ဆက်နေနိုင်တဲ့သူတွေ၊ ဆေးဆွဲတာ/အရက်ဆွဲတာမရှိဘဲ အောင်မြင်ခြင်းရဲ့ဒါဏ်ကို ခိုင်နိုင်တဲ့သူတွေကိုကြည့်ရင် သူတို့နာမည် အရှိန်အဝါကိုသုံးပြီး အများကောင်းကျိုးအတွက် အလုပ်တွေ လုပ်တဲ့ Philanthropist ဆိုတဲ့သူတွေများတယ်။ လူရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလည်း မပြောစလောက်တဲ့အရာပဲဖြစ်ဖြစ် အများကောင်းကျိုးအတွက် ရည်စူးပြီး တခုခုအမြဲလုပ်နေတယ်ဆိုရင် ပျော်ရွှင်မှုတွေအမြဲရှိမှာပဲ။
အပေါ်က ဉပမာတွေထဲမှာ passionလိုက်ပြီဆိုရင်လည်း ကိုယ့်ကိုယ်သူများတွေ ချစ်ခင်ကိုးကွယ်လာဖို့ပဲရည်ရွယ်ချက် ထားထားရင် အထီးကျန်ဆန်ခြင်းက ရှိနေသေးလို့ပဲဆိုရမလား။ ဒီ ego (ငါ)ဆိုတဲ့ အတ ကို transcend (ကျော်လွှား)နိုင်ပြီး ဆန်းကြယ်ဝပြောတဲ့ သဘာဝကို လေးစားတတ်လာပြီး၊ ကိုယ်ဘဝကို အများအကျိုးအတွက်နေထိုင်သွားမည်၊ ပေးစပ်သွားမည်ဆိုတဲ့ အသိစိတ် (သို့) ဆုံးဖြတ်ချက်နဲ့ နေသွားမည်ဆိုရင် အထီးကျန်တာတွေက ကျော်လွန်နိုင်သွားလောက်မှာပါ ဘဝကို နက်နက်နည်းနည်းနဲ့ နေတတ်ဖို့ အမြဲကြိုးပမ်းအားထုတ်သွားမယ်ဆိုရင်လည်း solitude ကိုရရှိပြီး အထီကျန်ခြင်းကို အနိုင်ယူနိုင်မှာပါ
🌟ကိုယ့်ဘာသာ solitudeနဲ့နေတတ်ပြီဆိုရင် ကိုယ့်ဘဝကို ဘာတွေက ပျော်အောင် လုပ်ပေးလဲဆိုတာတွေ၊ ကိုယ်အသက်ရှင်နေသ၍ လုပ်သွားချင်တဲ့ ကိုယ့်ဘဝကို အဓိပ္ပါယ်ပေးတဲ့ အရာတွေလည်း သိလာမှာပေါ့။

 

*****************************************************************************************************
Bibiliography:
Psychologytoday
https://www.psychologytoday.com/us/articles/200307/what-is-solitude#:~:text=Loneliness%20is%20a%20negative%20state,being%20alone%20without%20being%20lonely.
happyproject
https://happyproject.in/loneliness-solitude-difference/
Verywellmind
https://www.verywellmind.com/loneliness-causes-effects-and-treatments-2795749